Tuesday 25 October 2011

Share your time to whom you love or who loves you

တနေ့ည... ဖခင်ဖြစ်သူ အလုပ်မှ ပင်ပန်းကြီးစွာဖြင့် အိမ်သို့ပြန်အလာ
သားဖြစ်သူ ငါးနှစ်သားလေး အိမ်ရှေ့တံခါးဝမှ စောင့်ကြိုနေသည်ကိုတွေ့လိုက်စဉ်

သား - "ဖေဖေ၊ သား တစ်ခုလောက် မေးပါရစေ..."
အဖေ - "အေး... သားပြော၊ မေးလေ..."
သား - "ဖေဖေ၊ ဖေဖေအလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်?"
အဖေ (စိတ်ဆိုးစွာဖြင့်) - "ဘာလုပ်ဖို့လဲကွ၊ အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ?"
သား - "သား သိချင်လို့ပါ ဖေဖေ၊ သားကို ပြောပြပါနော်၊ ဖေဖေအလုပ်လုပ်တာ
တစ်နာရီကို ဘယ်လောက်ရလဲဟင်?"
အဖေ - "ကဲ... သားသိပ်သိချင်ရင်လည်း ဖေဖေပြောပြမယ်။ တစ်နာရီကို ၁၀၀၀ လောက်
ရတယ်..."
သား (ခေါင်းငိုက်စိုက်ကျသွားပြီး) - "ဟာ..."

သား - "ဖေဖေ၊ သားကို ၅၀၀ လောက် ခဏပေးပါလားဟင်..."


ဖခင်ဖြစ်သူမှာ ဒေါသအမျက်အချောင်းချောင်းထွက် ပြီး - "ဟေ... မင်းဒါကိုသိချင်တာ
ဖေဖေ့ဆီက မုန့်ဖိုးတောင်းပြီး အရည်မရအဖတ်မရ အရုပ်တွေ ဘာတွေ
လျှောက်ဝယ်ဖို့ဆိုရင်တော့ အခု သွား အိပ်ရာဝင်တော့၊ ဖေဖေ့မှာ
ဒီလောက်ပင်ပင်ပန်းပန်း အလုပ်တွေလုပ်နေခဲ့တာ မင်းအဲဒီလို
သုံးပစ်ဖို့သင့်သလားဆိုတာ သေချာ ပြန်စဉ်းစားအုံး..."

ကလေးဖြစ်သူမှာ ဘာမှပြန်မပြောတော့ဘဲ သူ့အိပ်ခန်းတွင်းသို့သာ တိတ်တဆိတ်
ဝင်သွားတော့သည်။

ဖခင်ဖြစ်သူသည် သားငယ်၏အပြုအမူအပေါ် အမျက်ထွက်ပြီးရင်းထွက်လျက်ရှိပြီး
ထိုကလေးငယ် အဘယ့်ကြောင့် ဤကဲ့သို့မေးရသည်ကို စဉ်းစား၍မရနိုင်လောက်အောင်
ဖြစ်နေလေတော့သည်။

တစ်နာရီနှစ်နာရီခန့်အကြာ စိတ်ပြေသွားပြီးနောက်မှ ဖခင်ဖြစ်သူမှ သူ့သားအနေဖြင့်
ယခင်က ဤကဲ့သို့ မုန့်ဖိုးတောင့်လေ့မရှိသည်ကို စဉ်းစားမိကာ အမှန်တကယ်
အရေးကြီး လိုအပ်ချက်တစ်ခုခုကြောင့်သာ ဤသို့ ဖခင်ထံမှ မုန့်ဖိုးတောင်းရခြင်း
ဖြစ်လိမ့်မည်ဟု တွေးမိပြီး သားဖြစ်သူ၏ အိပ်ခန်းအတွင်းသို့ လိုက်သွားခဲ့သည်။

အဖေ - "သား... အိပ်ပျော်သွားပြီလားဟင်..."
သား - "သား မအိပ်သေးပါဘူး ဖေဖေ..."
အဖေ - "စောစောက ဖေဖေ ဒေါသနဲ့ သားကို အော်လိုက်မိတယ်ကွာ..."
"ဖေဖေ တစ်နေ့လုံး အဆင်မပြေလာတာတွေ သားအပေါ်ပုံချလိုက်မိတယ်
ဒီမှာ သားလိုချင်တဲ့ မုန့်ဖိုး ၅၀၀၊ ရော့..."

ကလေးငယ်မှာ လွန်စွာဝမ်းသာအားရစွာဖြင့် ထလိုက်ပြီး - "ဟေး... ကျေးဇူးပါ ဖေဖေ" ဟု
ပျော်ရွှင်စွာ အော်လိုက်သည်။

ထို့နောက် ခေါင်းအုံးအောက်မှ သူစုဆောင်းထားသော အကြွေအနည်းငယ်ကို
ထုတ်ယူပြီး ရေတွက်နေသည်။ ထိုအခါ ဖခင်ဖြစ်သူမှာ သားဖြစ်သူ
မုန့်ဖိုးရှိလျက်နှင့်
ထပ်တောင်းသည်ကို တွေ့မြင်ပြီး အနည်းငယ် ဒေါသထွက်လာပြန်သည်။
ကလေးငယ်မှာ ပိုက်ဆံများကို ရေတွက်ပြီးနောက် ဖခင်ကို မော့ကြည့်လိုက်သည်။

အဖေ - "သားမှာ မုန့်ဖိုးရှိရဲ့သားနဲ့ ဘာလို့ထပ်တောင်းရတာလဲ သား?..."
သား - "မလောက်သေးလို့ပါဖေဖေ၊ ဒါပေမဲ့ အခုတော့ ပြည့်သွားပြီ။"
"ဖေဖေ၊ အခု သားမှာ ၁၀၀၀ ရှိပြီ၊ ဖေဖေ့ရဲ့ အချိန် တစ်နာရီလောက်
သားဝယ်လို့ရမလားဟင်...?
မနက်ဖြန် တစ်နာရီလောက်စောပြီး အိမ်ပြန်လာပါနော် ဖေဖေ။
သား ဖေဖေနဲ့ အတူ ညစာစားချင်လို့ပါ။..."

ဖခင်ဖြစ်သူမှာ လွန်စွာစိတ်မကောင်းဖြစ်သွားရပြီး သားငယ်ကိုနွေးထွေးစွာပွေ့ဖက်ကာ
သူ့ကိုခွင့်လွှတ်ရန်သာ ပြောနေတော့သည်။

------------------------
ဒီပုံပြင်လေးကတော့ ဘ၀အတွက် အလွန်အမင်း ကြိုးစားနေကြသူတွေအတွက်
သံဝေဂ ရစရာလေးတစ်ခုပါ။ အချိန်အားလုံးကို အလုပ်အတွက်အဓိကထား
နှစ်မြုပ်ထားကြပြီး၊ ကိုယ့်ကို အလေးထားတဲ့သူတွေ၊ ကိုယ့်နှလုံးသားကို
အဓိကထားတဲ့သူတွေအတွက် အချိန်မပေးနိုင်တာမျိုးမဖြစ်သင့်ပါဘူး...

ကိုယ့်ရဲ့ ၁၀၀၀ လောက်တန်တဲ့ အချိန်ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့
အတူမျှဝေခံစားဖို့
မမေ့ပါနဲ့။

မနက်ဖြန် ကိုယ့်ဘ၀နိဂုံးချုပ်ခဲ့ရင် ကိုယ့်အလုပ်က ရက်ပိုင်းအတွင်းမှာ
တစ်ခြားလူကို
ကိုယ့်နေရာမှာ အစားထိုးလိုက်မှာပါ။ ဒါပေမဲ့ ကိုယ်ထားခဲ့တဲ့ ကိုယ့်မိသားစုနဲ့
ကိုယ့်သူငယ်ချင်းတွေကတော့ ဒီဆုံးရှုံးမှုကို သူတို့ဘ၀တလျှောက်လုံး အမှတ်ရ
ခံစားနေကြမှာပါ။ ဒါတွေကို သိရက်နဲ့ ကိုယ့်အချိန်တွေကို
ကိုယ်ချစ်တဲ့သူ/ကိုယ့်ကိုချစ်တဲ
သူတွေအတွက်မချန်ဘဲ လုပ်ငန်းထဲမှာပဲ အကုန်လုံး နှစ်ထားတော့မှာလား........

Credit: forwarded mail

No comments:

Post a Comment