Wednesday 30 November 2011

မျက်စိညောင်းညာခြင်းကို လျော့ပါးစေတဲ့ မျက်စိလေ့ကျင့်ခန်း

ခပ်သွက်သွက်ပြေးတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုကို
နေ့စဉ်ပြုလုပ်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့က
အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာကို လူတိုင်းနီးပါး သိထားတဲ့ကိစ္စတစ်ခုပါ။
ဒါပေမယ့် သင့်မျက်လုံးကိုလည်း လေ့ကျင့်ခန်းလုပ်ပေးလို့ ရတယ်ဆိုတာကို
သိထားပါသလား။ မျက်လုံး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို
ကောင်းမွန်စေသလို မျက်စိညောင်းညာခြင်းကိုလည်း လျော့ပါးစေပါတယ်။ ဒါကြောင့်
မျက်လုံးလေ့ကျင့်ခန်းလေးတွေကို လုပ်ပြီး မျက်စိကို ကောင်းမွန်အောင်
ထားနိုင်ကြဖို့ အောက်မှာ လွယ်ကူရိုးရှင်းတဲ့ မျက်လုံးလေ့ကျင့်ခန်းလေးတွေကို
ဖော်ပြပေးလိုက်ပါတယ်။



၁။ ကုလားထိုင်မှာ သက်တောင့်သက်သာအနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါးနှစ်ဖက်ကို
ပူနွေးလာတဲ့အထိ ပွတ်ပါ။ ပူနွေးလာရင် မျက်လုံးနှစ်လုံးကို ညင်သာစွာမှိတ်ပြီး
လက်ဖဝါးနဲ့ အုပ်ထားပါ။ မျက်စိကိုဖိပြီးအုပ်မထားပါနဲ့။ လက်ဖဝါးအခွက်ထဲနဲ့
မျက်စိကိုအုပ်၊ အလင်းရောင်မဝင်အောင် လက်ချောင်းလေးတွေကို မဟအောင်ထားပါ။
နှာတံနဲ့ လက်ဖဝါးကိုလည်း ထိနေအောင်ထားပါ။ မှောင်မည်းတဲ့
ပတ်ဝန်းကျင်လိုသဘောထားပြီး အမှောင်ထဲကို အာရုံစူးစိုက်လိုက်ပါ။
အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ ပျော်ရွှင်ဖွယ်အမှတ်တရလေးတွေကို စဉ်းစားနေပါ။
မှောင်မည်းတဲ့ဝန်းကျင်ကိုသာ မြင်ရပြီဆိုရင် လက်ဖဝါးကို အသာလေးဖယ်လိုက်ပါ။
ဒီလိုမျိုးလေ့ကျင့်ခန်းကို ၃ မိနစ်လောက် လုပ်ပေးပါ။



၂။ မျက်စိကို တင်းတင်းလေးမှိတ်လိုက်ပါ။ ၅ စက္ကန့်လောက်ကြာရင် ပြန်ဖွင့်ပါ။ ၅
စက္ကန့်လောက် ကြာရင် တင်းတင်းလေးပြန်မှိတ်ပါ။ ဒီလိုမျိုးလေး ၇ ကြိမ်၊ ၈
ကြိမ်လောက် လုပ်ပေးပါ။



၃။ မျက်လုံးလေးမှိတ်ပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှုပ်ရှားမှုနဲ့
နှိပ်ပေးပါ။ တအားဖိပြီး မနှိပ်ပါနဲ့။ အားဖျော့ဖျော့လေးနဲ့နှိပ်ပါ။



၎။ လက်ချောင်းသုံးချောင်းနဲ့ အပေါ်မျက်ခွံကို ဖိပေးပါ။ ၂ စက္ကန့်လောက် ဖိပြီး
လျော့ချလိုက်ပါ။ ၅ ကြိမ်ခန့် လုပ်ပေးပါ။



၅။ သက်တောင့်သက်သာအနေအထားနဲ့ထိုင်
ပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ပါ။
မျက်တောင်ခတ်ပါ။ နောက် နာရီလက်တံပြောင်းပြန်လှည့်ပါ။ ငါးကြိမ်လောက်လုပ်ပေးပါ။



၆။ မှန်ပြတင်းပေါက်နဲ့ ၆ လက်မလောက်အကွာမှာထိုင်ပါ။ မျက်စိအနေအထားနဲ့
အနေအတော်လောက်မှာ ထင်သာမယ့်အရောင်တခုနဲ့ အမှတ်လေးချစ်လိုက်ပါ။
အဲဒီအမှတ်လေးနေတဆင့် အဝေးတစ်နေရာကို ၁၅ စက္ကန့်လောက် စူးစိုက်ကြည့်လိုက်ပါ။
ပြီးရင် အမှတ်ကလေးကိုပဲ ၁၅ စက္ကန့်လောက် ပြန်ကြည့်ပေးပါ။ ဒါမှမဟုတ်
ခဲတံတစ်ချောင်းကို လက်တစ်ကမ်းအကွာမှာ ကိုင်ပြီး စူးစိုက်ကြည့်ပါ။
နှာခေါင်းနားရောက်အောင် တဖြည်းဖြည်း ဆွဲယူလာပါ။ ပြီးရင် လက်တကမ်းအကွာကို
တဖြည်းဖြည်း ပြန်ရွှေ့လိုက်ပါ။ ၁ဝ ကြိမ်လုပ်ပေးပါ။



၇။ နံရံတစ်ခုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပါ။ ပြီးရင် ခေါင်းကိုမလှုပ်ပဲ
မျက်လုံးနဲ့ နံရံပေါ်မှာ စာရေးပါ။ ပထမတော့ ခက်ခဲတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်

ပါတယ်။ လေ့ကျင့်ရင်းနဲ့ ပျော်စရာလေးတစ်ခု ဖြစ်လာတာကို တွေ့ရမှာပါ။
စာလုံးကြီးကြီးရေးလေ ထိရောက်မှု ပိုရှိလေပါပဲ။



၈။ ရှေ့မှာ နာရီကြီးကြီးတစ်လုံးရှိနေတယ်လို့ မှတ်ယူထားပါ။ နာရီရဲ့
အလည်ဗဟိုတည့်တည့်ကို ကြည့်နေပါ။ နာရီမှတ်ကိုကြည့်ပါ။ ဗဟိုကိုပြန်လာပါ။
နောက်နာရီမှတ် တစ်ခုကို ထပ်ကြည့်ပါ။ ဗဟိုကိုပြန်ကြည့်ပါ။ နာရီလက်တံ ၁၂
ခုပြည့်အောင်လုပ်ပြိးသွားရင် လုံလောက်ပါပြီး။ ဒီလေ့ကျင့်ခန်းကို
မျက်လုံးမှိတ်ပြီးတော့လည်း လုပ်လို့ရပါတယ်။



၉။ ပေ ၁၅ဝ အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့်အနည်းငယ်လောက်
စူးစိုက်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ ပေ ၃ဝ အောက်ရှိတဲ့ အရာဝတ္ထုဆီကို
အကြည့်ပြောင်းလိုက်ပါ။ စက္ကန့်အနည်းငယ်လောက်ကြာရင် အဝေးမှာရှိတဲ့
အရာဝတ္ထုဆီကိုပြန်ကြည့်လိုက်ပါ။ ငါးကြိမ်လောက် လုပ်ပေးပါ။



၁ဝ။ ဝေးနိုင်သမျှ ဝေးတဲ့ နေရာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို ကြည့်ပါ။
နာရီဝက်အကြာမှာ တခါလောက် အဝေးကိုကြည့်ပေးပါ။ ဒီလိုမျိုးကြည့်ပေးခြင်းဟာမျက်လုံး
အမြင်စွမ်းအားကို ထိန်းထားပေးနိုင်သလို၊ အမြင်အာရုံယိုယွင်းလာခြင်းကို

လည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။



၁၁။ မျက်လုံးကို အပေါ်ကြည့် အောက်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပြီး၊
ညာကြည့်၊ ဘယ်ကြည့် ကြည့်ပေးပါ။ ၈ ကြိမ်လောက်လုပ်ပါ။ ကြည့်အခါမှာ မျက်လုံးကို
ဖိပြီး မကြည့်ပါနဲ့။ ဖိပြီးကြည့်ရင် အမြင်အာရုံကို ပိုမိုဆိုးဝါးစေတာကြောင့်
ဖွဖွလေးပဲမျက်လုံးကို ရွှေ့လျားပါ။



လေ့ကျင့်ခန်းတစ်ခုကို အချိန်ကြာကြာလုပ်တာထက်စာရင် မှန်မှန်လေးလုပ်ဖို့က
ပိုအရေးကြီးပါတယ်။ ကွန်ပျူတာသုံးလို့ပဲဖြစ်ဖြစ် အလုပ်တစ်ခုကို
အာရုံစိုက်ပြီးအချိန်အကြာကြီး အလုပ်လုပ်နေစဉ်မှာ မျက်လုံးကို ဟိုဟို၊
ဒီဒီရွှေ့လျားအလုပ်လုပ်စေပါ။ အလုပ်လုပ်နေစဉ် အတွင်းမှာလည်း
အဝေးတနေရာကိုကြည့်ပြီး မျက်လုံးညောင်းညာမှုကို ဖြေလျှော့ပါ။
လက်ဖဝါးနှစ်ဖက်ကိုပူအောင်ပွတ်ပြီး မျက်လုံးပေးမှာအုပ်ပေးထားတဲ့ နည်းကတော့
အကောင်းဆုံးပါပဲ။ ခဏခဏ မျက်တောင်ခတ်ပါ။ မျက်လုံး ညောင်းပြီးစပ်နေတဲ့အခါ
အခြေအနေပေးရင် ရေအေးလေးနဲ့ မျက်လုံးကို ဆေးကြောပေးလိုက်ပါ။

Fwd;  MM Daily Mail


Sunday 27 November 2011

Internet Cafe မှာ ဆော့ဝဲမလိုပဲ အွန်လိုင်းကနေ Photoshop နဲ့ Flash Image လုပ်မယ်

ဒီကောင်းလေးကတော့ဆော့ဝဲမလိုပါဘူး အွန်လိုင်းကနေ ဒါရိုက်ပြင်တဲ့နေရာလေးပါ

အနီနဲ့ဝိုင်းပြထားတဲ့နေရာလေးမှာ ကိုယ်ပြင်မဲ့ပုံရဲ့လင့်ထဲ့ပြီး စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်
http://www.flashimageeditor.com
--------------------------------------------
ဒါကတော့ free image editor ပါ

http://www.imageeditor.net မှာသွားရောက်ကလိနိုင်ပါတယ်
--------------------------------------------

The Old Image Editor
ဒါကတော့နောက်တစ်ခုပါ
http://www.imageeditor.net
မှာ သွားရောက် ကလိကြည့်လိုက်ပါ
---------------------------------
နောက်တစ်ခုကတော့ Gif Effect တွေ Image Effect တွေတော်တော်
လန်းတဲ့ဆိုက်လေးပါ

http://uk.bloggif.com ဖြစ်ပါတယ်...
-----------------------------------------
ဒါကတော့ မင်းသားကြီး(ကျော်)---SNAKE ပိုစ့်ပါ ကျနော်ကြိုက်လို့ WYTU ကနေပြန်ရှဲလာတာ ဟီါ်း
ဒီကောင်လေးကတော့ အရေးပေါ်လေးအနေနဲ့လည်း အဆင်ပြေတယ်ခင်ဗျာ .. photoshop ဆော့ဝဲလ်ကို ကိုယ်ထိုင်တဲ့ဆိုင်မှာ မတင်ထားဘူး .. ကိုယ့်သူငယ်ချင်းကလည်း
photoshop နဲ့ ပတ်သတ်လို့ အကူအညီလိုရင် ဒါလေးက ကူညီပေးနိုင်မှာပါ ..
photoshop မှာပါတဲ့ feature တော်တော်များများပါပြီး .. Photoshop
လိုမျိုးပဲ ပုံစံမို့လို့ .. သုံးရတာ အလွန်အဆင်ပြေပါတယ် .. အောက်မှာ
ပြထားတဲ့ website ဖြစ်ပါတယ်ခင်ဗျ .. အသင့်သုံး effect တွေလည်း
ထည့်လို့ရပါသေးတယ် ..

http://pixlr.com/editor/ ( photo ကို မိမိစိတ်ကြိုက်ပြင်ရန် )
http://pixlr.com/o-matic/ ( အသင့်သုံး effect ထည့်ရန် )

အခု ဆက်လက်မျှဝေမှာက photoshop portable ဖြစ်ပါတယ် .. သူကတော့ memory
stick ထဲ ထည့်ထားပြီး လိုချင်ရင် အချိန်မရွေး double click
နှိပ်ပြီးသုံးလို့ရပါတယ် .. portable ဆိုတာက install လုပ်စရာမလိုတဲ့
software ကိုပြောတာပါ .. file size လည်း အနည်းငယ်သေးလို့ ဒေါင်းလို့
အဆင်ပြေမှာပါ .. အောက်မှာပါ ..

Mediafire Links



copied portable softwares from nyi nay min website

Thursday 17 November 2011

ပဋ္ဌာန်း ၂၄ – ပစ္စည်း အဓိပ္ပါယ်အကျဉ်း


ဟေတုပစ္စယော

၁။ဟေတုပစ္စယော
ဟိတ် ၆-ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သောတရား။ တနည်း– ပညောင်းပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်အား မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ဟိတ် ၆-ပါးသည် သမ္ပယုတ်တရားတို့အား မြဲမြံခိုင်ခံ့အောင် အမြစ်သဖွယ်) ကျေးဇူးပြုတတ်သောတရား။ (ကျေးဇူးပြုသည်ဆိုရာ၌– မဖြစ်ပေါ်သေးသည်ကို ဖြစ်ပေါ်စေခြင်း၊ ဖြစ်ပေါ်ပြီးကို တည်နေစေခြင်း၊ တည်နေသည်ကို တိုးပွားစေခြင်းတို့ပင်တည်း။)

အာရမ္မဏပစ္စယော


၂။အာရမ္မဏပစ္စယော
အာရုံ ၆-ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကြိုးတန်း တောင်ဝှေး အစရှိသည်တို့သည် မစွမ်းမသန်သော သူတို့အား ထခြင်း ရပ်ခြင်း သွားခြင်းကိစ္စကို ပြီးစေသကဲ့သို့ အာရုံသည် စိတ်စေတသိတ်တို့အား ဖြစ်ပေါ်လာစေရန် ကျေးဇူးပြုတတ်သောတရား။

အဓိပတိပစ္စယော


၃။အဓိပတိပစ္စယော
အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သောတရား တနည်း– စကြ၀တေးမင်းသည် အထွတ်အထိတ် အချုပ်အချာ အာဏာတန်းခိုးဖြင့် တပါးသောသူတို့၏ ကြီးသောသတ္တိကို တားမြစ်၍ တိုင်းနိုင်ငံသူ၊ နိုင်ငံသားတို့အား အကြီးအကဲ အစိုးရသောအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (ပစ္စယုပ္ပန်တို့အား အကြီးအမှူးဖြင့်) ကျေးဇူးပြုတတ်သောတရား။

အနန္တရပစ္စယော


၎။အနန္တရပစ္စယော

အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သေားတရား။ တနည်း– စကြာဝတေးမင်း၏ နတ်ရွာ လားခြင်းသည် သားကြီး ရတနာအား မင်းအဖြစ် အဘိသိတ်ခံခြင်းငှာ ကျေးဇူးပြုသကဲ့သို့ အခြားမဲ့ အခြားမရှိ (တဆက်တည်း) ကျေးဇူးပြုတတ်သောတရား။

သမနန္တရပစ္စယော


၅။သမနန္တရပစ္စယော

ကောင်းစွာအခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– စကြာဝတေးမင်း၏ အရည၀ါသီ တောထွက်တော်မူ၍ ရဟန်းပြုခြင်းသည် သားကြီးရတနာအား မင်းဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကောင်းစွာအခြားမဲ့ အခြားမရှိ ကျေးဇူးပြုတတ်သောတရား။

သဟဇာတပစ္စယော


၆။သဟဇာတပစ္စယော
အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဆီမီးသည် မိမိတောက်သည်နှင့် တပြိုင်နက် အတူတကွ အလင်းကို ဖြစ်စေသကဲ့သို့ ထို့အတူ အကြောင်းတရားတို့သည် မိမိတို့ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ပစ္စယုပ္ပန်အကျိုးတရားတို့ကိုလည်း တပြိုက်နက် အတူတကွ ဖြစ်ပေါ်လာစေအောင် ကျေးဇူးပြုတတ်သောတရား။

အညမညပစ္စယော


၇။အညမညပစ္စယော
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။ တနည်း– သစ်သားသုံးခွ တိဒဏ္ဍသည် အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား ထောက်ပံ့ခိုင်စေခြင်းငှာ အပြန်အလှန် ကျေးဇူးပြုတတ်သောတရား။

နိဿယပစ္စယော


၈။နိသာယပစ္စယော
မှီရာ တည်ရာ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မြေကြီးသည် သစ်ပင်အစရှိသည်တို့အား မှီရာတည်ရာဖြစ်သဖြင့် ကျေးဇူးပြုသကဲ့သို့ မှီရာတည်ရာအဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဥပနိဿယပစ္စယော


၉။ဥပနိဿယပစ္စယော

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– မိုးတွင်းသုံးလပတ်လုံး ရွာသော မိုးကြီးသည် ထိုမိုးကို မှီကုန်သော သစ်ပင် သတ္တ၀ါ အစရှိသည်တို့အား အားကြီးသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ (အားကြီးသောအကြောင်းအဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား။

ပုရေဇာတပစ္စယော



၁၀။ပုရေဇာဆပစ္စယော
ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကမ္ဘာဦး၌ဖြစ်သော နေ လတို့သည် မိမိတို့ ထင်ရှားရှိခိုက် အလင်းကိုမှီကုန်သော သတ္တ၀ါတို့အား ရှေး၌ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့ (ရှေး၌ ဖြစ်နှင့်၍) ကျေးဇူးပြုသောတရား။

ပစ္ဆာဇာတပစ္စယော

၁၁။ပစ္ဆာဇာတပစ္စယော

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– လင်းတငယ်တို့၏ အာဟာရ၌ ချင်ခြင်း စေတနာသည် နောက်မှဖြစ်၍ ထင်းရှားရှိသောကိုယ်အား ကျေးဇူးပြုသကဲ့သို့ နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ အရှင်ဗာကုလ ရဟန္တာလောင်းသည် မွေးခါစ နို့စို့အရွယ် အခါက သမုဒ္ဒရာအလယ်၌ ရေထဲသို့ကျသွားရာ ရေနစ်၍မသေ။ ထိုသို့မသေရခြင်းမှာ နောင်အခါ ရဟန္တာဖြစ်မည့် သတ္တိက အရှင်ဗာကုလအား မသေစေရန် အကျိုးပြုသောကြောင့်တည်း။

အာသေ၀နပစ္စယော


၁၂။အာသေ၀နပစ္စယော

အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ရှေးရှေး၌ ထုံအပ်သောနံ့သာသည် နောက်နောက်၌ ထုံအပ်သောနံ့သာအား အဆင်းအနံ့ လွန်စွာတိုးပွားခိုင်မြဲစွာ ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ၄င်း၊ ရှေးရှေးသင်အပ်သော ကျမ်းဂန်သည် နောက်နောက် သင်အပ်သော ကျမ်းဂန်အား လေ့ကျက်ခြင်းငှာ အားရှိ၍ ကျေးဇူးပြုသကဲ့သို့ ၄င်း အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။

ကမ္မပစ္စယော

၁၃။ကမ္မပစ္စယော
စီရင်ခြင်း သံဝိဓာနကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာနကိစ္စဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ကောင်းစွာ သိုမှီး သိမ်းဆည်းစီရင်အပ်သော မျိုးစေ့သည် အညွန့်အညှောင့်၏ ဖြစ်ခြင်းငှာ အမူအရာ လုံ့လ၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မျိုးစေ့အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပါကပစ္စယော

၁၄။ဝိပါကပစ္စယော
အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ချမ်းအေးသော လေသည် ချမ်းအေးသော အရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကံတို့၏ အကျိုးအဖြစ်ဖြင့် (ငြိမ်းသက်သည်ဖြစ်၍) အထောက်အပံ့ပြုမှုဖြင့် ကျေးဇူးပြုသတ်သောတရား။

အာပာာရပစ္စယော


၁၅။အာဟာရပစ္စယော
ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ထောက်ကန်သောတိုင်သစ်သည် အိမ်အဟောင်းအား မြဲမြံခိုင်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ (ထောက်ပံ့တတ်)ဆောင်တတ်သောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဣန္ဒြိယပစ္စယော

၁၆။ဣန္ဒြိယပစ္စယော

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– တစ်နိုင်ငံ တစ်ပြည်တည်း၌ အသီးသီးဆိုင်ရာ ကိစ္စတာဝန်ကို ပေးအပ်ခံရသည့် အစိုးရသောလက်အောက်ခံ မင်းတို့သည် (အချင်းချင်း ထိုအစိုးရသော သတ္တိကို မဖြစ်မူ၍) မိမိတို့၏ တာဝန်အရာ၌ အစိုးတရ ပိုင်ပိုင် နိုင်နိုင် ဆောင်ရွက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ အစိုးရသည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

ဈာနပစ္စယော

၁၇။ဈာနပစ္စယော

ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။ တနည်း– တောင်ဖျား သစ်ပင်ဖျားသို့ တတ်၍ ကြည်သောသူသည် အဝေးအနီး အရပ်တို့ကို မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ ကပ်၍ရှုတတ်သော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

မဂ္ဂပစ္စယော

၁၈။မဂ္ဂပစ္စယော

ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ဤမှာဘက်မှ ထိုမှဘက်သို့ ကူးသောသူသည် ဤမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့ ၎င်း၊ ထိုမှာဘက်မှ ဤမှာဘက်သို့ ကူးလိုသောသူသည် ထိုမှာဘက်မှ ထွက်မြောက်ကြောင်း ဖြစ်သကဲ့သို့၎င်း ဘ၀တစ်ခုမှ ဘ၀တစ်ခုသို့ ဆောင်ပို့ ထွက်မြောက်ကြောင်း အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

သမ္ပယုတ္တပစ္စယော

၁၉။သမ္ပယုတ္တပစ္စယော

ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– နို့ရည်၊ ထောပတ်၊ ပျား၊ သကာဟူသော စတုမဓူ အရသာသည် အချင်းချင်း နှီးနှောရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ အတူတကွ ယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

ဝိပ္ပယုတ္တပစ္စယော



၂၀။ဝိပ္ပယုတ္တပစ္စယော

မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ခြောက်ပါးသော အရသာသည် အချင်းချင်း မနှီးမနှော မရော ပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ မနှီးမနှော မယှဉ်ခြင်းဖြင့် ကျေးဇူးပြုတတ်သောတရား။

အတ္ထိပစ္စယော

၂၁။အတ္ထိပစ္စယော

ပစ္စုပ္ပန်၌ ထင်ရှာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– ဟိမ၀န္တာတောင်မင်းသည် မိမိကိုမှီသောအားဖြင့် သစ်ပင် မြက်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ မိမိထင်ရှားရှိနေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိသော အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

နတ္ထိပစ္စယော


၂၂။နတ္ထိပစ္စယော

မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ တနည်း– ညဥ့်၏ ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း ဆီမီး၏ ငြိမ်းခြင်းသည် အမိုက်မှောင်ဖြစ်ခြင်းငှာ ကျေးဇူးပြုသကဲ့သို့၎င်း မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

ဝိဂတပစ္စယော

၂၃။ဝိဂတပစ္စယော

ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– နေ၏ ၀င်ခြင်းသည် လရောင်လင်းစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ကင်းချုပ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အ၀ိဂတပစ္စယော


၂၄။အ၀ိဂတပစ္စယော

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ တနည်း– မဟာသမုဒ္ဒရာသည် မိမိကို မှီကုန်သော ငါးမကာရ်း အစရှိသည်တို့၏ ပီတိ သောမနဿ ပွားခြင်းငှာ မိမိ၏မကင်းသော အဖြစ်ဖြင့် ကျေးဇူးပြုသကဲ့သို့ မကင်းသည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သောတရား။

http://thenobleeightfoldpath.wordpress.com

ပဌာန်းပါဠိတော်နှင့်ဓါရဏ ပရိတ်တော် တရား download ရယူပါ။
ကြာနီကန် ဆရာတော် ဦဇဋိလ ရွတ်ဖတ်ပူဇော်သည့် ကြည်ညိုဖွယ်ရာ mp3 တရားတော်ပါ။
 ၁။ ပဌာန်းပါဠိတော်၊ ဓါရဏပရီတ်တော်
တရားပေါ်မှာ right clip နှိပ်ပြီး save link as (သို့) save target as နှိပ်ပီး Download ယူနိုင်ပါတယ်ခင်ဗျာ
အားလုံးကို အထူးပဲး ကျေးဇူးတင်ရှိပါတယ်။။......

Sunday 13 November 2011

ဘီလ်ဂီတ်ရဲ့ အကြံဥာဏ်ပေးချက်

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ်ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းကဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီ သူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေး မထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ် လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင် နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ရှုံးသူဆိုတာ ရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကိုကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင် ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ
"ဘဝမှာ သူများထက်ပိုပြီး ရှေ့ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ" (If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင် သူများထက်ပိုပြီး အလုပ်လုပ်ပါ။ ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူ မရှိတတ်ဘူး။ လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲအလုပ်လုပ်မယ်ဆိုတဲ့ စိတ်ထားရှိကြတယ်။ တချို့ကျတော့ လခနဲ့တန်အောင်တောင် မလုပ်တော့ဘဲ အချိန်ရရ ဘာရရ ခိုးကြခိုကြတယ်။ အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ဖူးပါ လိမ့်မယ်။ မိုင်ပိုသွားတဲ့လူ ရှားပါတယ်။ ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက် နည်းနည်းလာပြီး ရှေ့ဆုံးကို ရောက်သွားကြတာပါ။ ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ ရှိသူတွေ ရလဒ်က အကျိုးထူးတွေရှိပါတယ်။
(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို တန်ဖိုး ထားကြတယ်။
(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးတက် စေတယ်။
(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ချင်လာမယ်။
(ဃ) လူတွေရဲ့ ယုံကြည်မှုကို ရလာမယ်။
(င) အထက်လူကြီးတွေရဲ့ အထင်ကြီးလေးစားခြင်းကို ရလာမယ်။
(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေ များလာမယ်။
(ဆ) ကူညီလိုသူတွေ ပေါလာမယ်။
ကိုယ့်အသိနဲ့ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစား ပမ်းစား အလုပ်လုပ်နေသူ၊ အချိန်မှန် အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထား ညှာတာသူ၊ ပြောတာကို သေသေချာချာ နားထောင်ပြီး အတိအကျ အကောင် အထည် ဖော်ပေးသူ၊ မုသား မပြောတတ်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး အလုပ် လုပ်ပေးသူ၊ ပင်ပန်းမှုကိုမမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားက စကားချိုသာ ပြုံးရွှင်စွာယဉ်ကျေးသူ၊ ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့အကြုံတွေ၊ ဘွဲ့ဒီဂရီတွေဟာ အထက်ပါအရည်အချင်းတွေလောက် အရေးမကြီးပါဘူး။
value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ့ခေတ်မှာ ခေတ်စားပါတယ်။ (စေတနာ အပိုဆောင်းထားသော)လို့ ကျွန်တော်က ဆိုချင်ပါတယ်။ မိဘအတွက်၊ သားသမီးအတွက်၊ ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ ဖောက်သည်တွေအတွက်စသဖြင့် ဘယ်သူ့အတွက် ဘာကိုပဲလုပ်ပေးရလုပ်ပေးရ စေတနာအပိုဆောင်းပြီး ကောင်းကောင်းလုပ်ပေးတဲ့အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။ "ထို့နောက် ထို့ထက်ပို၍ (and then some more)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှု တံခါးကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့် တာကို အကုန်လုပ်ခဲ့တယ်။ ထို့နောက် ထို့ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူ အားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။ ထို့နောက် ထို့ထက် ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ပြီး ရက်ရောပြသည်။ ထို့နောက် ထို့ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။ ထို့နောက် ထို့ထက်ပို၍ အောင်မြင်သူများသည် ရာနှုန်းပြည့် အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ ထို့နောက် ထို့ထက်ပို၍...။ ထို့နောက် ထို့ထက်ပို၍...။
အင်မတန်ဥာဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ဒီဂရီတွေနဲ့လူတစ်ချို့ အဘယ် ကြောင့် အလယ်အလတ်ဘဝမှာ လမ်းဆုံးနေရပါသလဲ။ အဆိုးမြင်စိတ်နဲ့ ခွန်အားကို လျှော့သုံးပြီး အားလုံးကိုစိတ်ပျက်အောင် ပြောတတ်လုပ်တတ် နမူနာပြတတ်တဲ့ ပညာရှင် ကြီးတွေ ဖြစ်သွားလို့ပါပဲ။ လခနဲ့တန်ရုံပဲ လုပ်မယ်၊ ငါ့ပညာနဲ့တန်အောင် ပေးမထားလို့ ပညာကုန်သုံး မလုပ်နိုင်ဘူး၊ သင့်ရုံလုပ် တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။ သူတို့ ဘဝလည်း သင့်ရုံပဲတိုးတက်တာ ဘာမှမဆန်းပါဘူး။ ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာ ယှဉ်ပြိုင်စရာ လူတွေကို နောက်မှာထားခဲ့တော့ တာ။ သူများကသာသူတို့ကို လိုက်ပြိုင်ရတော့မယ်၊ သူတို့ကသူများကို ပြိုင်စရာ မလိုတော့ပါဘူး။ ဒါ့ကြောင့် သူများထက် မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထား ဟာ ဘဝအောင်မြင်ရေးမှာ ဥာဏ်ကောင်းတာတွေ ဘွဲ့ဒီဂရီတွေထက် အများကြီး၊ အများ ကြီး ပိုပြီးအရေးကြီးပါတယ်။ (ဘွဲ့ဒီဂရီတွေပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိဥာဏ်နဲ့ သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ အသေ အချာပင်။

Tuesday 1 November 2011

သတိနဲ့ ကိုယ့်စိတ်ကို ကိုယ်သိ (အပိုင်း-၂)

…အသိဥာဏ်မြင့်လာတော့ တစ်ခုခုကို စဉ်းစားလို့ရှိရင် ပိုပြီးတော့
မှန်မှန်ကန်ကန် စဉ်းစားနိုင်တယ်။ တစ်ခုခုကို ဆုံးဖြတ်မယ်ဆိုရင်လည်းပဲ
မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ ဘာလုပ်လုပ် စိတ်ပါလက်ပါ
လုပ်တယ်။      မလုပ်ချင် လုပ်ချင်နဲ့ စိတ်မပါပဲလုပ်တာ နဲသွားတယ်။
စိတ်နှစ်ခွဖြစ်တာနဲသွားတယ်။ ဘယ်လောက်ပင်ပန်း ပင်ပန်း လုပ်တယ်။
ပင်ပန်းမှာလည်း မကြောက်တော့ဘူး။



…အဲဒါကြောင့် သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့
ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ
ထက်နေတဲ့ဓါးနဲ့တူတယ်။



…တရားသတိနဲ့နေတဲ့ အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း
သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်း မဆန်တဲ့သူဟာ
ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။



…သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ
မဖြစ်ဘူး။ အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓါတ်
အဆင့်အတန်း နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို
လွတ်လပ်တာလို့ မယူဆဘူး။ အနိုင်အရှုံး မရှိတာကို လွတ်လပ်တာလို့ ယူဆတယ်။



…သူဟာ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ၊ အသိဥာဏ်တွေ၊ အရည်အချင်းတွေကို
အကောင်းဆုံး နေရာမှာသုံးတယ်။ အကောင်းဆုံးနေရာမှာ သုံးတယ်ဆိုတာ
ကိုယ့်စိတ်ဓါတ်နဲ့ အသိဥာဏ်ကို မြှင့်တင်တာပါပဲ။



…လိုချင်နေတဲ့သဘောလေးတွေ သို့မဟုတ်ရင် စိတ်ဆိုးနေတဲ့ သဘောလေးတွေ
သို့မဟုတ်ရင် သူ့အဆင့်အတန်း၊ ငါ့အဆင့်အတန်း၊ သူ့ဂုဏ် ငါ့ဂုဏ်တွေ
စဉ်းစားနေတယ်။ အဲဒါလေးကို ပြန်ကြည့်စမ်းပါ။ အဲဒီစိတ်က လူကြီးဆန်သလား၊
လူကြီးဆန်တယ်၊ Mature ဖြစ်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။
အသိဥာဏ်နဲ့ပဲ ဆိုင်တယ်။ သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေ၊
ရင့်ကျက်လေလေ၊ မျှတလေလေ ဖြစ်လာမှာပါ။



…ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ငါ ကလေးဆန်ချင်သလား၊
လူကြီးဆန်ချင်သလား။ အဖြေကတော့ လူကြီးဆန်ချင်တယ်လို့ပဲ ထွက်လာမှာပေါ့…။
ဒါက ပိုပြီး ရင့်ကျက်တယ်၊ ပိုကောင်းတာကိုး။ လူကြီးဆန်ချင်တယ်ဆိုရင်
သတိနဲ့ များများနေမှရမယ်။ သတိလွတ်တယ်ဆိုတာနဲ့ တစ်ပြိုက်နက် ကိလေသာတွေ
ဝင်ပြီ။ ကိလေသာ ၀င်ပြီဆိုတာနဲ့ တစ်ပြိုက်နက် အမျှော်အမြင် မရှိတော့ဘူး။
ရေရှည်ကို မမြင်တော့ဘူး။ ကလေးဆန်သွားပြီ။



…နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့နေတဲ့ အလေ့အကျင့်ကို
ကြိုးကြိုးစားစား စိတ်ပါလက်ပါ လုပ်ကြည့်ပါ။ (၂)နှစ်၊ (၃)နှစ်လောက်
လုပ်ကြည့်ရင်ပဲ စိတ်ဓါတ်ရော အသိဥာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊
သဘောထား မှန်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ ဘ၀ကို အဓိပ္ပါယ်ရှိရှိ
ကျေကျေနပ်နပ် နေနိုင်တဲ့သူဖြစ် လာမယ်။ သတိနဲ့နေတဲ့ အကျင့်ရသွားရင်
သတိမပါ၊ ဥာဏ်မပါဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေတာမျိုး မနေနိုင်တော့ဘူး။



…သတိနဲ့နေတဲ့အတွက်ကြောင့် အတ္တစွဲ၊ မာနစွဲ၊ ဒေါသနည်းသွားတယ်။ အတ္တ-မာန-ဒေါသ
နည်းတဲ့အတွက်ကြောင့် သည်းခံနိုင်တယ်။ သည်းခံနိုင်တဲ့အတွက်ကြောင့်
အမှားနည်းသွားတယ်။ သည်းမခံနိုင်ရင် အမှားများတာကိုး။ အမှား
တစ်ခုခုမှားပြီးပြီဆိုရင် ဘယ်နှယ့်နေမလဲ၊ ဒီကိစ္စကို တအုံနွေးနွေးနဲ့
စဉ်းစားရပြီ။ ပို မပင်ပန်းဘူးလား။



…ဒီလို သတိနဲ့နေသွားခြင်းအားဖြင့် ဘယ်လောက်အကျိုးများတယ်ဆိုတာကို
အခြေခံကလေးက စပြီးတော့ ပြောချင်တာနော်။ ကြီးကြီးကျယ်ကျယ် အဆင့်ကို
မရောက်သေးဘူး။ ဒါပေမယ့် ဘ၀တစ်ခုလုံးဟာ ပိုပြီးတော့ အေးချမ်းမှု ရှိလာတယ်။
ကြည်လင်မှု ရှိလာတယ်။ ချမ်းသာလာတယ်။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဟာ
နည်းသွားတယ်။ အဲဒီလူဟာ တရားအားထုတ်တဲ့အခါမှာ ဘယ်လိုနေမလဲ၊
စိတ်ကပိုပြီးတော့ ဖြောင့်တယ်၊ စိတ်ကြည်ကြည်လင်လင် အေးအေး ချမ်းချမ်းနဲ့ပဲ
စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သူ တရားအားထုတ်သွားနိုင်တယ်။ သူကြာလေ တိုးတက်လေ
ဖြစ်လာတယ်။ သူ့ဘ၀ အခြေအနေဟာ အစစအရာရာ တိုးတက်ပြောင်းလဲလာတယ်။



…သတိနဲ့နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။
သူ့နေရာလေးနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလေး
သိနေတယ်။ အလုပ်လုပ်တဲ့အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမှုနဲ့
မလုပ်ဘူး။ မနာလို ၀န်တိုမှု၊ သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်တော့ဘူး။
သတိလေးနဲ့ ဥာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့်
ကိုယ်လည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲ
များတယ်။ မှားရင်လည်းပဲ မတော်တဆ မှားသွားတာပဲ။ သူ့ဘ၀ဟာ ရိုးတယ်၊
ရှင်းတယ်။



…ဒါကြောင့် သတိရှိခြင်းအားဖြင့် ဘ၀ဟာ ရှင်းလာတယ်။ ရိုးလာတယ်။
လူတော်တော်များများရဲ့ ဘ၀ဟာ မရိုးဘူး၊ မရှင်းဘူး။ အများကြီး
ရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့တုန်း။ စိတ်က ရှုပ်ထွေးနေတာကိုး၊
စိတ်ရှုပ်ထွေးနေသမျှ ဘ၀လည်း ရှုပ်ထွေးနေမှာပဲ။ စိတ်ရှင်းရင် ဘ၀လည်း
ရှင်းတာပဲ။



…သတိရှိနေလို့ရှိရင် ဘ၀က ရိုးရှင်းမယ်။ လွယ်ကူမယ်။ သတိမရှိလို့ရှိရင်
ဘ၀ဟာ တကယ့်ကို ၀န်ထုပ်ဝန်ပိုး အကြီးကြီး ဖြစ်လာမယ်။



…လူတွေရဲ့ ဘ၀ကိုကြည့်လို့ရှိရင် သိပ်ရှုပ်ထွေးပွေလီနေတာကို တွေ့ရတယ်။
သူ့နေရာနဲ့သူ မဖြစ်ဘူး။ အားလုံးဟာ ပရမ်းပတာတွေ ဖြစ်နေတယ်။ တစ်ခုခု
လုပ်စရာရှိလာရင်လည်းပဲ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ ထင်မိထင်ရာတွေ လုပ်တယ်။
ခဏခဏ မှားတယ်။ အဲဒီအမှားတွေရဲ့ ဒဏ်ချက်ကိုလည်း ပြန်ပြန်ပြီးတော့ ခံရတာပဲ။



…ဒီလို သတိနဲ့နေလာတဲ့အခါမှာ ဖြစ်ပေါ်လာသမျှ ပြဿနာကို မျှမျှတတ ဟိုဘက်ဒီဘက်
မြင်တတ်တယ်။ ဘာလုပ်ရမယ်ဆိုတာလဲ အလိုလို သိသွားတယ်။ ဖြေရှင်းတဲ့အခါမှာလည်း
သတိနဲ့ ဥာဏ်နဲ့ကြည့်ပြီးတော့ ဖြေရှင်း တတ်တယ်။ အဲဒီလို ဖြေရှင်းတဲ့အခါမှာ
အရာရာတိုင်းဟာ ပိုပြီးတော့ အဆင်ပြေသွားတယ်။ ဒါကြောင့် အရာရာတိုင်းဟာ
သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ဖြစ်သွားတယ်။

…သတိအမြဲတမ်း ကပ်ပြီးတော့ နေသွားတဲ့သူဟာ သူ့ဘ၀မှာ တွေ့ကြုံလာရတဲ့
အခက်အခဲတွေကို သတိနဲ့ကြည့်တဲ့အခါမှာ ပိုပြီးတော့ အမြင်ရှင်းတယ်။
ကိုယ်လိုတဲ့ဖက်ကို မဆွဲဘူး။ ပုဂ္ဂိုလ်ရေးရှုထောင့်ကနေ မကြည့်ပဲနဲ့
သဘာဝကျကျ၊ အခြေခံကျကျ ခြုံပြီးတော့ ပြည့်ပြည့်စုံစုံ မြင်နိုင်
သိနိုင်တဲ့ အသိဥာဏ်မျိုးကိုလည်း ရနိုင်တယ်။ အဲသလို အသိဥာဏ်မျိုးကို
ရလာတဲ့သူဟာ ဘ၀မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပိုပြီးတော့ သဘာဝကျကျ
မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တယ်။ အဲသလို ဖြေရှင်းနိုင်ရင် ဘ၀မှာ ဒုက္ခတွေ
အများကြီး နဲသွားနိုင်တယ်။ အဲလိုလူဟာ ဦးဆောင်နိုင်တဲ့သူ ဖြစ်လာတယ်။



…ဘ၀ကို စမ်းတ၀ါးဝါး နေကြတာများပါတယ်။ ရမ်းပြီးတော့
လုပ်ကြတာတွေလည်းများတယ်။ မှန်းပြီးတော့ လုပ်ကြတာ တွေလည်း ရှိတယ်။ တခါတလေ
ကိစ္စတစ်ခုကို လုပ်ချင်လွန်းလို့ လုပ်တယ်၊ လုပ်ပြီးလို့
တော်တော်ကြာတဲ့အခါကျမှ မလုပ်ချင်တော့ဘူး။ တစ်ခုခု လိုချင်တယ်ဆိုပြီးတော့
ရအောင်လုပ်တယ်။ ရပြီးကာမှ မလိုချင်တော့ပြန်ဘူး။ အဲဒီလို ဖြစ်တာတွေက
အင်မတန်များပါတယ်။ ကိုယ့်ဘ၀ကိုယ် ကြည့်ရင် တွေ့နိုင်ပါတယ်။



…တရားအားထုတ်တဲ့လူကျတော့ ဒီလိုမဟုတ်တော့ဘူး။ ကိုယ်တစ်ခုခု လုပ်မယ်ဆိုရင်
ကိုယ့်စိတ်ကိုကိုယ် ပြန်ကြည့်တယ်။ ငါ ဒါကို ဘာဖြစ်လို့ လုပ်ချင်တာလဲ၊
တစ်ခုခု အကျိုးစီးပွားလိုချင်လို့လား၊ ဂုဏ်လိုချင်လို့လား၊
သူများအထင်ကြီးတာ လိုချင်လို့လား၊ ကြွားချင်လို့လား၊
ရေရှည်လုပ်နိုင်မှာလား စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ပြန်မေးတယ်။
ကိုယ့်စိတ်ကို ကိုယ် ပြန်ကြည့်ရင် သိတယ်။ အဲဒီတော့ လုပ်သင့်တာဆိုရင်
လုပ်တယ်။ မလုပ်သင့်တာဆို မလုပ်ဖြစ်ဘူး။ ဖြစ်နိုင်တာကို လုပ်တယ်။
မဖြစ်နိုင်တာကို မလုပ်ဘူး။



…တရားအားထုတ်တဲ့သူဟာ စိတ်ရှည်တယ်၊ ဇွဲကောင်းတယ်၊ လွယ်လွယ်နဲ့
စိတ်မပျက်ဘူး။ ဒါကြောင့် တစ်ကယ် တန်ဖိုးရှိတဲ့ အလုပ်ကို
ရေရှည်စီမံကိန်းနဲ့ လုပ်တယ်။ ဖြစ်တာ များတယ်။ ဒါကြောင့် အောင်မြင်မှုလည်း
ရတယ်။



…လူတွေမှာ အင်မတန်ကြီးမားတဲ့ အစွမ်းသတ္တိတွေ အများကြီး ရှိပါတယ်။
အဲဒီအစွမ်းသတ္တိတွေဟာ ကစဉ့်ကရဲ ဖြစ်နေတယ်။ တစ်ခုဆိုတစ်ခု လေးလေးနက်နက်
ဦးတည်ချက်ထားပြီး တကယ်စွဲစွဲမြဲမြဲ လုပ်ကြည့်စမ်းပါ။ အများကြီး
ဖြစ်မြောက် အောင်မြင်တာ တွေ့ရလိမ့်မယ်။



…လူတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးတဲ့သဘောက
ရှိနေတယ်။ သူက ကိုယ့်ကို လွှမ်းမိုးမယ် သို့မဟုတ် ကိုယ်က သူ့ကို
လွှမ်းမိုးမယ်။



…သတိကောင်းနေရင် ကိုယ့်စိတ်ကိုကိုယ် သိနေရင် ဘယ်သူမှ ကိုယ့်ကို
လွှမ်းမိုးလို့ မရဘူး။ ကိုယ့်စိတ်က တည်ငြိမ် အေးချမ်းပြီး
လေးနက်ခိုင်ခန့်နေတယ်ဆိုရင် တစ်ဖက်လူဟာ ရာထူးအားဖြင့် ကြီးချင်ကြီးမယ်၊
ဓနအားဖြင့် ကြီးချင်ကြီးမယ်၊ ဒါပေမယ့်သူက ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။
ဒါကြောင့် သူများလွှမ်းမိုးတာ မခံရချင်ရင် တည်ကြည်ခံညားမှုရှိအောင် သတိနဲ့
နေရမယ်။



…နေ့တိုင်း အချိန်တိုင်း စိတ်ကို ကြည့်ပြီးတော့ သိပြီးတော့ မကြာမကြာ
ညှိပေးနေဖို့ လိုပါတယ်။ အခုခေတ် ဥပမာနဲ့ ပြောရရင် တချို့အိမ်တွေမှာ
automatic voltage regulator ဆိုတာ သုံးတယ်။ အဲဒီစက်က
လျှပ်စစ်မီးဗို့အားကို ညှိပေးတယ်၊ ထိန်းပေးတယ်၊ များလာရင် လျှော့ပေးတယ်။
နဲသွားရင် တိုးပေးတယ်။



… အဲဒီ automatic voltage regulator လိုပဲ  သတိဆိုတာလည်း စိတ်ကို
ညှိပေးတယ်၊ ထိန်းပေးတယ်၊ ခံစားမှုတွေ၊  စိုးရိမ်တာတွေ၊ ကြောက်တာတွေ၊
အားငယ်တာတွေ လွန်မသွားအောင် ထိန်းပေးတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု
တိုးလာအောင်၊ စိတ်အေးချမ်းမှု၊ တည်ငြိမ်မှု တိုးလာအောင် ပြဿနာတွေကို
မှန်မှန်ကန်ကန် မြင်နိုင်တဲ့ ဥာဏ်အမြင် တိုးလာအောင်၊ လုပ်နိုင်သလောက်ကို
လုပ်ပြီးတော့ ဖြစ်လာတဲ့ အခြေအနေကို ရင့်ကျက်တဲ့စိတ်နဲ့ လက်ခံနိုင်အောင်
စိတ်အားကို မြှင့်ပေးတယ်။



…စိတ်ကို ဒီလို သတိနဲ့ကြည့်ပြီင်္း ညှိပေးတဲ့ အလေ့အကျင့် မရှိရင်၊
စိတ်အတက်အကျ များနေရင် ဘ၀မှာ နေရထိုင်ရတာ၊ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။
ဆက်ဆံရေးတွေလည်း ကမောက်ကမ ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊
စီးပွားရေး၊ အောင်မြင်ရေးတွေ အားလုံးထိခိုက်တယ်။



…ဒါကြောင့် ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်ပြေချင်ရင် ကိုယ့်စိတ်ကို
သတိနဲ့ကြည့်ပြီး ညှိပေးတတ်တဲ့ပညာကို တတ်အောင်သင်ဖို့နဲ့ အမြဲတမ်း
သတိနဲ့နေဖို့ လိုတယ်။ အလေ့အကျင့် ရသွားရင် မခက်ဘူး။ ဒါတစ်ခုကို
နိုင်နိုင်နင်းနင်း လုပ်နိုင်ရင် ဘ၀မှာတွေ့ရတဲ့ အခက်အခဲတွေဟာ
ဥာဏ်ပါပါကစားရတဲ့ ကစားနည်းတစ်ခုလို ဖြစ်လာတယ်။ နားလည်နိုင်တဲ့
အရည်အချင်း၊ ကိုင်တွယ်နိုင်တဲ့ အရည်အချင်း၊ လက်ခံနိုင်တဲ့ အရည်အချင်းတွေ
တိုးလာလို့ ဘ၀ကို အပေါ်စီးက ကြည့်ပြီး ပိုင်ပိုင်နိုင်နိုင်
နေသွားနိုင်တယ်။ expert in living “ ဘ၀နေနည်း ကျွမ်းကျင်သူ”
ဖြစ်လာမယ်.....။


ဆရာတော်ဦးဇောတိက