Sunday 13 November 2011

ဘီလ်ဂီတ်ရဲ့ အကြံဥာဏ်ပေးချက်

ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ဂိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ်ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းကဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီ သူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေး မထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ် လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင် နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ရှုံးသူဆိုတာ ရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကိုကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင် ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ
"ဘဝမှာ သူများထက်ပိုပြီး ရှေ့ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ" (If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဆိုလိုတာက သူများထက်သာချင်လျှင် သူများထက်ပိုပြီး အလုပ်လုပ်ပါ။ ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူ မရှိတတ်ဘူး။ လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲအလုပ်လုပ်မယ်ဆိုတဲ့ စိတ်ထားရှိကြတယ်။ တချို့ကျတော့ လခနဲ့တန်အောင်တောင် မလုပ်တော့ဘဲ အချိန်ရရ ဘာရရ ခိုးကြခိုကြတယ်။ အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ဖူးပါ လိမ့်မယ်။ မိုင်ပိုသွားတဲ့လူ ရှားပါတယ်။ ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက် နည်းနည်းလာပြီး ရှေ့ဆုံးကို ရောက်သွားကြတာပါ။ ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ ရှိသူတွေ ရလဒ်က အကျိုးထူးတွေရှိပါတယ်။
(က) သင်ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက သင်လိုလူကို တန်ဖိုး ထားကြတယ်။
(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးတက် စေတယ်။
(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ချင်လာမယ်။
(ဃ) လူတွေရဲ့ ယုံကြည်မှုကို ရလာမယ်။
(င) အထက်လူကြီးတွေရဲ့ အထင်ကြီးလေးစားခြင်းကို ရလာမယ်။
(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေ များလာမယ်။
(ဆ) ကူညီလိုသူတွေ ပေါလာမယ်။
ကိုယ့်အသိနဲ့ကိုယ် မိုင်ပိုလျှောက်နေသူ၊ ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစား ပမ်းစား အလုပ်လုပ်နေသူ၊ အချိန်မှန် အလုပ်လာတက်သူ၊ သူတစ်ပါးကို ထောက်ထား ညှာတာသူ၊ ပြောတာကို သေသေချာချာ နားထောင်ပြီး အတိအကျ အကောင် အထည် ဖော်ပေးသူ၊ မုသား မပြောတတ်သူ၊ အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး အလုပ် လုပ်ပေးသူ၊ ပင်ပန်းမှုကိုမမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊ ပင်ပန်းတဲ့ကြားက စကားချိုသာ ပြုံးရွှင်စွာယဉ်ကျေးသူ၊ ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။ အတွေ့အကြုံတွေ၊ ဘွဲ့ဒီဂရီတွေဟာ အထက်ပါအရည်အချင်းတွေလောက် အရေးမကြီးပါဘူး။
value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု ဒီနေ့ခေတ်မှာ ခေတ်စားပါတယ်။ (စေတနာ အပိုဆောင်းထားသော)လို့ ကျွန်တော်က ဆိုချင်ပါတယ်။ မိဘအတွက်၊ သားသမီးအတွက်၊ ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊ ဆရာအတွက်၊ တပည့်အတွက်၊ ဖောက်သည်တွေအတွက်စသဖြင့် ဘယ်သူ့အတွက် ဘာကိုပဲလုပ်ပေးရလုပ်ပေးရ စေတနာအပိုဆောင်းပြီး ကောင်းကောင်းလုပ်ပေးတဲ့အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။ "ထို့နောက် ထို့ထက်ပို၍ (and then some more)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှု တံခါးကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါတယ်။ အောင်မြင်သူတွေအားလုံးဟာ လုပ်သင့် တာကို အကုန်လုပ်ခဲ့တယ်။ ထို့နောက် ထို့ထက်ပို၍ လုပ်ပေးခဲ့တယ်။ အောင်မြင်သူ အားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။ ထို့နောက် ထို့ထက် ပို၍ တာဝန်ထမ်းခဲ့သည်။ အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ပြီး ရက်ရောပြသည်။ ထို့နောက် ထို့ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။ ထို့နောက် ထို့ထက်ပို၍ အောင်မြင်သူများသည် ရာနှုန်းပြည့် အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။ ထို့နောက် ထို့ထက်ပို၍...။ ထို့နောက် ထို့ထက်ပို၍...။
အင်မတန်ဥာဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ဒီဂရီတွေနဲ့လူတစ်ချို့ အဘယ် ကြောင့် အလယ်အလတ်ဘဝမှာ လမ်းဆုံးနေရပါသလဲ။ အဆိုးမြင်စိတ်နဲ့ ခွန်အားကို လျှော့သုံးပြီး အားလုံးကိုစိတ်ပျက်အောင် ပြောတတ်လုပ်တတ် နမူနာပြတတ်တဲ့ ပညာရှင် ကြီးတွေ ဖြစ်သွားလို့ပါပဲ။ လခနဲ့တန်ရုံပဲ လုပ်မယ်၊ ငါ့ပညာနဲ့တန်အောင် ပေးမထားလို့ ပညာကုန်သုံး မလုပ်နိုင်ဘူး၊ သင့်ရုံလုပ် တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။ သူတို့ ဘဝလည်း သင့်ရုံပဲတိုးတက်တာ ဘာမှမဆန်းပါဘူး။ ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာ ယှဉ်ပြိုင်စရာ လူတွေကို နောက်မှာထားခဲ့တော့ တာ။ သူများကသာသူတို့ကို လိုက်ပြိုင်ရတော့မယ်၊ သူတို့ကသူများကို ပြိုင်စရာ မလိုတော့ပါဘူး။ ဒါ့ကြောင့် သူများထက် မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထား ဟာ ဘဝအောင်မြင်ရေးမှာ ဥာဏ်ကောင်းတာတွေ ဘွဲ့ဒီဂရီတွေထက် အများကြီး၊ အများ ကြီး ပိုပြီးအရေးကြီးပါတယ်။ (ဘွဲ့ဒီဂရီတွေပိုင်ဆိုင်ပြီး ကောင်းမွန်သောအသိဥာဏ်နဲ့ သူများထက်မိုင်ပိုလျှောက်သူတိုင်း အောင်မြင်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ အသေ အချာပင်။

No comments:

Post a Comment