Friday 26 August 2011

ဟာသ

လွမ်းလို့ ...

ဘီလ်က နယ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်တော့ ဟိုတယ်တစ်ခုမှာ တည်းပါတယ်။ မိုးလင်းတော့ နံနက်စာကို ဘာများသုံးဆောင်ချင်ပါသလဲလို့ ဟိုတယ် ဝန်ထမ်းက လာမေးတဲ့အခါမှာ ဘီလ်က

"တူးနေတဲ့ ကြက်ဥကြော် နှစ်ခု၊ မကြော်ရသေးတဲ့ ဝက်ပေါင်ခြောက်ရယ်၊ အခါးပျော့ကော်ဖီရယ်၊ ရေသာသာ လိမ္မော်ရည်ရယ်၊ မာပြီး အေးစက်နေတဲ့ ထောပတ်မသုတ်ထားတဲ့ ပေါင်မုန့် နှစ်ချပ်ရယ်ပေးပါ"လို့ ဆိုပါတယ်။

ဘီလ်ရဲ့ စကားအဆုံးမှာ ဟိုတယ် ဝန်ထမ်းက အံ့ဩတကြီးနဲ့"ဘယ်လို နံနက်စာတုံးဗျာ...စားလို့ရော ရပါ့မလား" လို့ဆိုတော့ ဘီလ်ပြန်ပြောတာက "ကျုပ်..ကျုပ်မိန်းမ လက်ရာကိုလွမ်းလို့ပါဗျာ" တဲ့။

ချစ်ရတဲ့ ယောက္ခမ

ဆူဆန်နဲ့ ခင်ပွန်းက ဆူဆန့်အမေရဲ့အသုဘမှာအလောင်းကို နောက်ဆုံးအကြိမ်ကြည့်ဖို့ ပြင်လိုက်ပါတယ်။ အဲဒီခဏမှာ ဆူဆန့်ခင်ပွန်းက မျက်ရည်တွေ သုတ်ပစ်နေတာကို မြင်တော့ ဆူဆန်က. . .



"ရှင်ကဘာလို့ ငိုနေတာလဲ။ ကျွန်မအမေက ရှင်နဲ့ ဘယ်တော့မှ မတည့်ခဲ့ဘူး။ ရှင်ကလည်း ဘယ်တုန်းကများ ကျွန်မအမေကို အမြင်ကြည်ခဲ့လို့လဲ"လို့ ဆိုပါတယ်။

အဲဒီအခါမှာ ဆူဆန့် ခင်ပွန်း ပြန်ပြောတာက "ဟုတ်ပါတယ်ကွာ။ သူ့ လက်တွေ လှုပ်လာတာ မြင်လိုက်သလိုလို ဖြစ်နေလို့ပါ" တဲ့။

သိသွားအောင်လို့ ...

ယောက်ျားက မိန်းမဖြစ်သူကို အလုပ်က သူငယ်ချင်းတစ်ယောက်ကို ညစာစားဖို့ ဖိတ်ခဲ့တယ်လို့ပြောတော့ မိန်းမဖြစ်သူက "ဘာ.. ရှင့် သူငယ်ချင်းကို ညစာစားဖို့ ဖိတ်ထားတယ်။

ရှင် ရူးများ ရူးနေသလား။ တစ်အိမ်လုံးလည်း ရှုပ်ပွနေတာပဲ၊ ကျွန်မဈေးလည်း မသွားထားမိဘူး။ ပန်းကန်တွေလည်း မဆေးရသေးဘူး။ ဒီပုံနဲ့ ညစာကောင်းကောင်း ဘယ်လိုချက်နိုင်မှာလဲ" လို့ ဆိုပါတယ်။

ယောက်ျားဖြစ်သူက "ငါသိပါတယ်ကွ"လို့ ပြောတော့ မိန်းမက "ဒါဖြင့် ရှင့်သူငယ်ချင်းကို ဘာလို့ ညစာစားဖို့ ဖိတ်သေးလဲ" လို့ မေးပါတယ်။

ဒါနဲ့ ယောက်ျားက ပြန်ပြောတာက "ဘာကြောင့်လဲဆိုတော့ သနားစရာ ငနဲလေးက မကြာခင် လက်ထပ်တော့မှာကွ"တဲ့။

ကြောက်တတ်လို့

ဂျွန်နီလေးနဲ့ဘော်ဘီတို့ သူတို့အဖေတွေရဲ့ကြောက်တတ်ပုံကိုပြောနေကြပါတယ်။ ဘော်ဘီက "ငါ့အဖေက ပိုကြောက်တတ်တယ်ကွ။ မိုးကြိုးပစ်တာမြင်ပြီဆိုရင် အဖေက ခုတင်အောက်ဝင်ပုန်းရော" လို့ဆိုပါတယ်။

ဒီတော့ ဂျွန်နီလေးကလည်း မခံချင်ဟန်နဲ့သူ့အဖေရဲ့ကြောက်တတ်ပုံကို ခုလိုပြောပြီး ဘော်ဘီ့ကိုပြန်ချေပလိုက်ပါတယ်။

"မင်းအဖေ ကြောက်တတ်တယ်ဆိုတာ ငါ့အဖေလောက်မဆိုးသေးပါဘူး ဘော်ဘီရာ။ ငါ့အဖေကမှပိုကြောက်တတ်တာ။ ငါ့အဖေဆိုကြောက်လွန်းလို့ အမေအချိန်ပိုဆင်းရတဲ့ ညတွေမှာ ဘေးအိမ်က အန်တီကြီးကို ခေါ်ခေါ်အိပ်ခိုင်းရတယ်"တဲ့။

သွေးစစ်ဖို့

တော်မီ တစ်ယောက် ပင်ပန်းနွမ်းနယ်နေဟန်နဲ့ သူပြနေကြဆရာဝန်ကို လာပြပါတယ်။

ဆရာဝန်က မျက်နှာမရွှင်မလန်းဖြစ်နေတဲ့ တော်မီကို ဘာတွေများဖြစ်လာတာလဲလို့ မေးပါတယ်။

တော်မီက "မနေ့တုန်းက ဆရာ့သူနာပြုက ဖုန်းဆက်တယ်။ ဒီနေ့ ဆရာကကျွန်တော့်ကို သွေးနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်မယ်တဲ့" လို့ပြောတော့ ဆရာဝန်က

"ဟုတ်တယ်လေ .. စစ်စရာတွေ စစ်ရအောင် ခင်ဗျားဆီ သူနာပြုကို ဖုန်းဆက်ခိုင်း လိုက်တာ။ ဒါနဲ့ ခင်ဗျားက ဘာလို့ ဒီလောက် ပင်ပန်းနေရတာတုန်း"လို့ ပြန်မေးပါတယ်။

ဒီတော့ တော်မီ ပြန်ဖြေတာက "အာ ... ဆရာက သွေးနဲ့ဆိုင်တာတွေ စစ်မယ်ဆိုတော့ ကျွန်တော်လည်း ဆရာစစ်မေးတဲ့အခါ ဖြေနိုင်အောင် တစ်ညလုံးသွေးနဲ့ဆိုင်တဲ့ စာတွေ ဖတ်နေတာနဲ့ အိပ်ရေးပျက်ပြီး ပင်ပန်းနေတာဗျ"တဲ့။

1 comment: